လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘဝ


 

လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘဝ

 

ငါ ငယ်ရွယ်တုန်းက

အရာရာကို ရွှင်ပြုံးလို့

အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။

 

အခုတော့ စိတ်က လှုပ်ရှားချင်ပေမယ့်

အမြင်တွေက မှုန်ဝါး

အားအင်တွေ ကုန်ခမ်းကာ

မကျန်းမာ လူသား ဖြစ်ခဲ့ပြီ။

 

ဝါသနာပါရာ လုပ်ငန်းကို

မနားတမ်း အားသွန် ခွန်စိုက်

ကြိုးစား လုပ်ကိုင်လိုက်ချင်‌ပေမယ့်

အသက် ရှင်သန်ဖို့ အရေး

ဘဝ ရပ်တည်ဖို့ အရေး

အချိန်ပေးကာ ဝင်ငွေရှာနေရတော့

ဝါသနာတွေ အရာမထင်ဘဲ

မြေပြင်ပေါ်မှာ စာရေးသလိုမျိုး

အကျိုးမဲ့ ပျက်စီးခဲ့ရ။

 

လုပ်ချင်တာ လုပ်ခွင့် မရတဲ့ ဘဝ

စားချင်တာ စားခွင့်မရတဲ့ ဘဝ

ဖြစ်ချင်တာ ဖြစ်ခွင့် မရတဲ့ ဘဝဟာ

ညအမှောင်ထုထဲမှာ

တစ်ယောက်တည်း လမ်းလျှောက်သွားသူမျိုး

အဖြစ်‌ဆိုးရချည်ရဲ့။

 

ဪ စိတ်ဓာတ်ကျနေလို့

ငါ့ ဘဝဟာ ပြောင်းလဲလာမှာ မဟုတ်

လွှဲမှားတဲ့ အတွေးအမြင်တွေကို

ဆင်ခြင်ကာ စွန့်ပယ်သွားပြီး

ခါးသီးတဲ့ လောကဓံတရားတွေကို

အားတင်းကာ ကျော်ဖြတ်သွားသင့်ပါရဲ့။

 

အမှန်တော့ အမြဲတမ်း

စူးစမ်းချင်တဲ့ လူတစ်ယောက်

ကြိုးစားနေတဲ့ လူတစ်ယောက်ဟာ

တစ်နေ့မှာ အောင်မြင်ဖြစ်မြှောက်လာပြီး

ထွန်းတောက်တဲ့ လမင်းကြီးသို့

လောကကြီးကို အလင်း‌ ‌ရောင်ပေးနိုင်မှာလို့

တွေးတော ယုံကြည်မိပါရဲ့။

 

အေးရိပ်နောင်

၂၄/၁/၂၀၂၅

 

 


Comments

Popular posts from this blog

မင်းပေးတဲ့ အချစ်ဆေး

ရင်နာစရာ နေ့ရက်များ

သူနှင့် ဝေးကတည်းက