ရင်နာစရာ နေ့ရက်များ

 



ရင်နာစရာ နေ့ရက်များ



လှပနူးညံ့လွန်းတဲ့ ပန်းပွင့်ချပ်တွေဟာ

ပျားပိတုန်းတွေ လှုပ်ခတ်လို့

တဖြုတ်ဖြုတ် ပျက်စီး ကြွေကျခဲ့ပြီ။

 

ငြိမ်းအေးလှပလွန်းတဲ့ တိုင်းပြည်ကြီးဟာ

စစ်မီးတွေ ဖုံးလွှမ်းလို့

အိမ် လမ်းတွေ ပျက်ကျိုးလို့

အရိုးစု သင်္ချိုင်းကုန်းသို့

အမှောင်ထု ဖုံးလွှမ်းခဲ့ပြီ။

 

 

တချိန်က ပျော်စရာ မိသားစု

အခုတော့ ဟိုဘေးဒီဘေးကြောင့်

ဟိုပြေးဒီပြေးနဲ့

ဝေးကွာ ပြိုကွဲခဲ့ပြီ။

 

တစ်ချိန်က မိဘကို မှီခိုတဲ့ သားငယ်

အခုကွယ် တနယ်တကျေးမှာ

ဘေးဒုက္ခတွေ ရင်ဆိုင်ရင်း

ကြီးပြင်းလာခဲ့ပြီ။

 

တချိန်က မြင်သူတကာ ရင်ကိုအေးစေတဲ့

ယဉ် ကျေးသိမ်မွေ့တဲ့ မိန်းကလေးမှာ

စားဝတ်နေရေး အငတ်ဘေးကြောင့်

ငွေပေးချေနိုင်တဲ့ ‌ယောကျ်ားယုတ်အောက်မှာ

ဒူးထောက်ကာ အရှက်မဲ့ဘဝ

ရောက်ခဲ့ရပြီ။

 

တချိန်က ပျော်ရွှင်စရာ ပွဲတော်

အခုမျှော်ကြည့်ပါ

နာကျည်းစွာ ဆဲဆိုသံ

ပူဆွေးစွာ ငိုရှိုက်သံ

အပြန်အလှန် တိုက်ခိုက်သံများနဲ့

လူသား အချင်းချင်း မညီမညာ

မစာမနာ သတ်ဖြတ် ပွဲတော် ဖြစ်ခဲ့ပြီ။

 

ဪ အတ္တလူတို့ ရှိတဲ့ တိုင်းပြည်မှာ

စစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ

ပန်းဝတ်လွှာတို့ မလှပ

တောသဘာဝတို့ မစိမ်းလန်း

အိမ် လမ်းတို့ မခမ်းနား

ပြည်သားတို့ ဘဝပျက်

ရည်မှန်းချက်တို့
ပျောက်ရှာ

နာကျင်စရာ နေ့ရက်များနဲ့

ခါးသီးစွာ ရှေ့ဆက်နေရုံပဲပေါ့။

 

အေးရိပ်နောင်

၂၃၊၁၊၂၀၂၅

 

 

 

Comments

Popular posts from this blog

မင်းပေးတဲ့ အချစ်ဆေး

သူနှင့် ဝေးကတည်းက